Pages

5/30/2013

HTC one








Android ရဲ့ အစောပိုင်းကာလမှာ နံပါတ် ၁ နေရာကို ရယူထားခဲ့တဲ့ ကျွန်တော်တို့ မြန်မာနိုင်ငံဖွား အမှုဆောင်ချုပ်ကြီး Mr. Peter Chou ရဲ့ ထိုင်ဝမ်အခြေစိုက် HTC ကုမ္ပဏီဟာ လတ်တလော ကာလာမှာတော့ ပြိုင်ဖက်ကြီး ၂ ခု ဖြစ်တဲ့ Samsung နဲ့ Apple တို့ကို မယှဉ်နိုင်ပဲ ဈေးကွက်နေရာ ကျဆင်းလာခဲ့ရပါတယ်။

HTC အနေနဲ့ ယင်းတို့ ထုတ်လုပ်တဲ့ ဖုန်းတွေကို ထိပ်တန်းဒီဇိုင်း၊ မြင့်မားတဲ့ စွမ်းဆောင်ရည်တွေနဲ့ ကြိုးပမ်းထုတ်လုပ် နေခဲ့ပေမယ့် အမြဲတမ်းလိုလို တစ်ခုခု လိုအပ်နေတယ်လို့ခံစားနေခဲ့ရပါတယ်။ ပြီးခဲ့တဲ့ နှစ်အတွင်းကလည်းHTC One X နဲ့ HTC One X+ ဆိုပြီး ထိပ်တန်းဖုန်း ၂ လုံး ထွက်ရှိလာခဲ့ပေမယ့် မျှော်မှန်းထားသလောက် မအောင်မြင်ပဲ Galaxy S III နောက် ရောက်ရှိခဲ့ရ ပြန်ပါတယ်။

ဒါအခြေအနေဟာ ၂၀၁၃ မှာ တော့ ပြောင်းလဲတော့မှာ ဖြစ်ပါတယ်။ ယခုနှစ်မှာ HTC အနေနဲ့ ယင်းတို့ရဲ့ ဦးဆောင်ဖုန်း (flagship) အဖြစ် တစ်မျိုးတည်းသာ ထုတ်လုပ်တော့မှာဖြစ်ပြီး အဲဒီဖုန်းကတော့ HTC One ပဲ ဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ်အတွင်းမှာGalaxy S III ရရှိခဲ့တဲ့ အောင်မြင်မှုမျိုးကို နောက်တစ်ကြိမ် စွမ်းဆောင်နိုင်မယ့် ဖုန်းကတော့ ဒီ HTC One ပဲ ဖြစ်ပါတယ်။

ဒီဇိုင်းနှင့် ဖွဲ့စည်းတည်ဆောက်ပုံ

ဒီဖုန်းက ပထမဆုံး ကိုင်ကြည့်လိုက်မိတဲ့အခါမှာ သင့်အနေနဲ့ ပါးစပ် အဟောင်းသား ဖြစ်သွား ပါလိမ့်မယ်။

ခဏတာ ကိုင်တွယ်အသုံး ပြုပြီးတဲ့အခါမှာတော့ အံအားသင့်ဖွယ်ရာမှ ရင်သပ်ရှုမော ဖွယ်ရာအဖြစ် ပြောင်းလဲသွားပါလိမ့်မယ်။ HTC One ဟာ သုံးစွဲသူတွေ အားလုံးရဲ့ လေးစားမှုကို ရရှိသင့်ပါတယ်။ ဒီဇိုင်းနှင့် ဖွဲ့စည်းတည်ဆောက်ပုံ အရတော့ လက်ရှိအချိန်မှာဒီဖုန်းကို ယှဉ်နိုင်တဲ့ဖုန်း ဈေးကွက်ထဲမှာ မရှိသေးပါဘူး။ iPhone 5 ရော အသစ်ထွက်လာတဲ့ Galaxy S IV ပါ မမှီပါဘူး။

HTC ဝက်ဘ်ဆိုဒ်ရဲ့ ဖော်ပြထားချက်အရဒီဖုန်းဟာ “သတ္တုကိုယ်ထည် အပြည့်အား သုညကွာမှု တည်ဆောက်ခြင်း” နည်းပညာ အသုံးပြုထားပြီးဖုန်းတစ်လုံးအားထုဆစ်ရန် မိနစ် ၂၀၀ ကြာမြင့်ကြောင်းသိရှိရသည်။ လွန်စွာပေါ့ပါးပြီး (၅.၀၄ အောင်စ) လွန်စွာမှလည်း ပါးလွှာသော်လည်း (၀.၃၆ လက်မ) ကိုင်တွယ်ရသည်မှာ ကျစ်လစ်သိပ်သည်းလှသည်။

အနည်းငယ်ကွေးထားသည့် နောက်ကျောပြင်ဟာသင့်လက်ဝါးထဲ နစ်ဝင်သွားမှာဖြစ်ပြီး အနားသပ်များကို လုံးထားသဖြင့် ကိုင်တွယ်အသုံးပြုရ လွယ်ကူပါသည်။

မျက်နှာပြင်

HTC One ရဲ့ မျက်နှာပြင်ဟာ ၄.၇ လက်မ ကျယ်ဝန်းပြီး Gorilla Glass 2 သုံး Super LCD 3 မျက်နှာပြင်ပဲ ဖြစ်ပါတယ်။ Resolution အနေနဲ့ကတော့ 1920x1080 pixels ရှိလို့ တီဗီတွေမှာ အသုံးပြုနေတဲ့ resolution ပမာဏ (1080p Full HD) ပဲ ဖြစ်လို့ လွန်စွာမှ မြင့်မားလှတဲ့ 468 pixels per inch ပမာဏကို ရရှိမှာ ဖြစ်ပါတယ်။

လက်ရှိ ဈေးကွက်တွင်းက ဖုန်းတွေထဲမှာ အမြင့်ဆုံးပါပဲ။ဒါပေမယ့် ဒီလောက် မြင့်မားလှတဲ့ pixels တွေကို သာမန်မျက်လုံးနဲ့ မြင်တွေ့ဖို့ မဖြစ်နိုင်တာတော့ သေချာပါတယ်။ ဒါကြောင့်လည်း ၄.၇ လက်မ အရွယ် ဖုန်းမှာ 1080p resolution ရတယ်ဆိုတာ တကယ်တော့ ဘာမှမထူးပါဘူး။

ဖုန်းမျက်နှာပြင်ရဲ့ ထိပ်ပိုင်းနဲ့ အောက်ခြေပိုင်းမှာ စပီကာ ၂ လုံး ပါရှိပါတယ်။ ဒါအပြင့် ၈၈ ဒီဂရီ အကျယ်ရိုက်နိုင်တဲ့ 2.1 Megapixel ရှိတဲ့ ရှေ့ ကင်မရာ ပါရှိပါတယ်။

ဖုန်းရဲ့ မျက်နှာပြင်ပေါ်မှာ ထိတွေ့မှုနဲ့ အသုံးပြုရတဲ့ ခလုတ် ၂ ခုသာ ထည့်သွင်းထားပါတယ်။ ဒါအပြင် USB/HDMI အပေါက်နဲ့ ပါဝါခလုတ်တို့ကိုလည်းတွေ့ရှိရမှာ ဖြစ်ပါတယ်။

စွမ်းဆောင်ရည်

ဖုန်းရဲ့ အတွင်းပိုင်းဟာလည်း အကောင်းဆုံးတွေနဲ့ ပြည့်နှုက်နေပါတယ်။ အဆင့်မြင့် ဖုန်းတွေမှာ ရှိသင့်တဲ့ အချက်တွေ အားလုံးနဲ့ ပြည့်စုံနေပါတယ်။ Processor က 1.7 GHz quad-core Snapdragon 600 ဖြစ်ပြီး 2GB RAM ၊ 32 GB (သို့) 64 GB သိမ်းဆည်းမှု ၊ NFC ၊ LTE ၊ 4 MP (Ultrapixle) ကင်မရာတို့ ပါဝင်ပါတယ်။ အထူးသဖြင့် processor ဟာ မြန်နှုန်း 1.7 GHz ရှိ ပြီး Quadcore ဖြစ်တာကြောင့် လွန်စွာမှကို စွမ်းဆောင်ရည် မြင့်မားလှပါတယ်။

ဒါ့အပြင့် HTC ရဲ့ မူပိုင် ImageChip 2 ကို ဖုန်းရဲ့ 4 MP နောက်ကျော ကင်မရာမှာ ထည့်သွင်းပေးထားလို့ ဓာတ်ပုံ ရိုက်ကူးရာမှာ ထူးခြားကောင်းမွန်ပါတယ်။ 4MP ဆိုတာ မှန်ပါတယ်။ ဒါပေမယ့် HTC က ဒီဟာကို စွမ်းဆောင်ရည်မြင့် အလင်းများ Ultrapixle ကင်မရာလို့ ခေါ်ဆိုနေပါတယ်။

ဒီကင်မရာဟာ သဘာဝအလင်းကို ပိုမိုရယူနိုင်လို့ ပုံထွက်မှာ 13 MP ကင်မရာတစ်ခုအလားကောင်းမွန်တာကိုတွေ့ရှိရမှာ ဖြစ်ပါတယ်။

နောက်ပြီး ဖုန်းကင်မရာမှာ တုန်ခါမှုထိန်းညှိုခြင်းနဲ့ f2.0 aperture တို့ပါဝင်တာကလည်း ထူးခြားလှပါတယ်။ဘက်ထရီကတော့ 2300mAh ရှိလို့ သာမန်သုံးစွဲမှု အနေနဲ့ဆိုရင် တစ်နေ့တာစာ ခံနိုင်ရည် ရှိမှာပါ။ One ဟာ Android 4.1 (Jelly Bean) အသုံးပြုပြီး HTC ရဲ့ မူပိုင်ဆော့ဖ်ဝဲSense 5.0 ထည့်သွင်း ပြုပြင်ထားပါတယ်။

Sense 5 မှာ ပါဝင်လာတဲ့ BlinkFeed ကို အသုံးပြုပြီး သင်၏ လူမှုကွန်ယက်များနှင့် နေ့စဉ်လုပ်ဆောင်စရာများ အားလုံးကို ဖုန်းရဲ့ ဖန်သားပြင်ပေါ်မှာ စုစည်းပြီးသား ရရှိအသုံးပြုနိုင်မှာ ဖြစ်ပါတယ်။


ဇင် မင်း ထွန်း ရေးသားထားတာပါ 

No comments:

Post a Comment